Wednesday, October 6, 2010

အမှတ်တရ … မဆလ (သို့မဟုတ်) စက်တင်ဘာ မိုးရေ …

အမှတ်တရ … မဆလ (သို့မဟုတ်) စက်တင်ဘာ မိုးရေ …
မောင်မောင်စိုး
အောက်တိုဘာ ၆၊ ၂၀၁၀

၁။ ရှင်းလင်းချက်

စက်တင်ဘာလ ဆိုတာ အမှတ်တရများစွာ ပြည့်နှက်လို့နေတဲ့လ တလ ဖြစ်ပါတယ်။ ဒီအချိန်မှာမှ မဆလ (ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ) ကိုမှ အမှတ်ရနေရလား။ ဒီငတိတော့ ကြောင်သွားပြီလို့ အပြစ်မတင်ခင် ကျနော် ရှင်းပြပါရစေ။ အဖြစ်မှန် သတိရနေတာက ရှစ်လေးလုံးမျိုးဆက် သူရဲကောင်းတယောက်ကိုပါဗျာ။

ဒီလိုပါ … ကျနော်တို့ တပ်ရင်း(စောထစခန်း) မှာ မဆလ နှစ်ယောက် ရှိပါတယ်။ တယောက်က ကျောက်တံခါးက ရဲဘော် မြင့်ဆွေ၊ သူကိုတော့ တိုက်ပုံနဲ့ဘာနဲ့ ဆိုက်ဂိုက်က မဆလ ကောင်စီလူကြီးပုံပေါက်နေလို သူ့ကို မဆလကြီး လို့ ခေါ်ပါတယ်။ နောက်တယောက်ကတော့ တောင်ငူက ဆောက်လုပ်ရေးအင်ဂျင်နီယာ ရဲဘော်ဆန်းလင်းပါ။

သူ့ကိုတော့ မောင်ဆန်းလင်း ကို အတိုကောက် မဆလ လို့ ပြောင်ပြီး ခေါ်ကြခြင်း ဖြစ်ပါတယ်။ သူက ကချင် တိုင်းရင်းသားတယောက် ဖြစ်ပါတယ်။

ဒါပေမယ့် သူဘယ်တော့မှ ကချင်တမျိုးသားတည်း လွတ်မြောက်ရေး (တခုချင်းစီရဲ့အကျိုးစီပွား)ကို မကြွေးကြော်ဖူးပါဘူး။ တခုလုံးရဲ့အကျိုးစီးပွား၊ တမျိုးသားလုံး လွတ်မြောက်ရေးကို မဆုတ်မနစ် တိုက်ပွဲဝင်သွားခဲ့သူပါ။ သူဟာ တော်လှန်ရေးအပေါ် သစ္စာရှိသူ။ သူဟာ ရဲဘော်များအပေါ် ညှာတာထောက်ထား အနစ်နာခံသူ။ သူဟာ အဆောင်အယောင် ကင်းမဲ့ပြီး အညတရ တော်လှန်ရေးသမားဘဝကို ခုံမင်သူ။ သူဟာ အမျိုးသားညီညွတ်ရေးကို လက်ကိုင်ထားသူ။

၂။ အမျိုးသားညီညွတ်ရေး

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးဗိသုကာတဦးဖြစ်သလို ဒီမိုကရေစီနဲ့ အမျိုးသားညီညွတ်ရေး လမ်းပြရှေ့ဆောင် ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်လိုနိုင်ငံရေးဝါဒမျိုးကို ကြိုက်နှစ်သက်ပါစေ။ လူထုသဘောထားကို ဘယ်သောအခါမှ ဆန့်ကျင်လေ့ မရှိပါ။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်။ နိုင်ငံတော် အစိုးရသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ အုပ်ချုပ်ရမည်ဟူသော ဒီမိုကရေစီ မဏ္ဍိုင်ကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။

၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း အက်တလီစာချုပ် လန်ဒန်မှာချုပ်ဆိုစဉ်က တိုင်းရင်းသား လူမျိုးစုများ ပါဝင်နိုင်မည့်အရေးကို သဘောတူညီချက် အမှတ် ၆ တွင် ထည့်သွင်းချုပ်ဆိုခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ မြန်မာနိုင်ငံ လွတ်လပ်ရေးတွင် မပါဝင်နိုင်မှာကို အလွန်စိုးရိမ်ခဲ့ကြောင်း သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။ ထို့နောက် မြန်မာပြည် ပြန်ရောက်ရောက်ချင်း တိုင်းရင်းသားများနှင့် အတူတကွ ဥမကွဲသိုက်မပျက် လွတ်လပ်ရေး အသီးအပွင့်များကို သာတူညီမျှ ခံစားနိုင်ရေးအတွက် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလမှာ ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အောင်ဆန်းဝါဒဆိုတာ ဒီမိုကရေစီနဲ့ အမျိုးသားညီညွတ်ရေးဝါဒပင် ဖြစ်ပါတယ်။

NLD အနေနဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ချက်တွေကို ကြိုဆိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဟိုအရင်ကတည်းက လုပ်သင့်တဲ့အလုပ်ပါ။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအနေကလည်း အခုအချိန်မှာ ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွား အပြန်အလှန် မှီတည်မှုတွေထက် တမျိုးသားလုံးရဲ့အရေးကို ဦးစားပေး ဆောင်ရွက်ရမည့်အချိန်ကို ရောက်နေပါပြီ။

ကျနော်တို့ခေတ်မှာတော့ တော်လှန်ရေးတခုလုံးရဲ့အကျိုးစီးပွားကို အမြဲစဉ်းစားဆောင်ရွက်တတ်လေ့ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များအနက် KNU က ဖဒိုမန်းရှာ(လုပ်ကြံခံရ)၊ RCSS က ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် NMSP က နိုင်ဟံသာ တို့ကိုတော့ ကျနော် လေးစားအားကိုးမိခဲ့ပါတယ်။

ဒီအချိန်မှာ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးနဲ့ NLD ဟာ အမျိုးသားညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ပြီး လက်တွဲတိုက်ပွဲဝင်ရမည့်အချိန် ဖြစ်ပါတယ်။ အချိန်ကန့်သတ်ချက်ဟာ သိပ်ကို တိုတောင်းလွန်းပါတယ်။ NLD ကို တရားမဝင် ဖျက်သိမ်းလိုက်သည့် ဗိုလ်သန်းရွှေရဲ့နောက်ဆုံး ထိုးချက်ကို တန်ပြန်ဖို့ တခုတည်းသောအလုပ်က NLD ကို ဝန်းရံ လက်တွဲသွားဖို့ပါ။ ဒါမှ CRPP ဆုပ်ကိုင်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် လူထုအာဏာကို ဆက်လက် သယ်ဆောင် တိုက်ပွဲဝင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။

၃။ သူဘယ်သူလဲ

အလယ်တန်းပြဆရာ ဦးမင်းဝေ နဲ့ အလယ်တန်းပြဆရာမ ဒေါ်ဘောက်ခွန်တို့ရဲ့ ဒုတိယမြောက်သား ကိုဆန်းလင်း ကို ၁၉၆၃၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ လားရှိုးမြို့မှာ ၁၀ တန်းအောင်ခဲ့ပြီး ၁၉၈၃ မန္တလေး GTI နောက်ဆုံးနှစ်က ကျောင်းရှေ့မှာ ရဲနဲ့ ကျောင်းသားတွေ ရန်ပွဲကတဆင့် ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူက ကျောင်းသားတွေကို ဦးဆောင်ခဲ့လို့ ကျောင်းတနှစ် ထုတ်ခံရပါတယ်။ ဒါကြောင့် ၁၉၈၄ မှာမှ Civil Engineer ဘွဲ့ကို ရခဲ့ပါတယ်။

အဲ့ဒီနောက် တောင်ငူမြို့မှာ ဆောက်လုပ်ရေး အင်ဂျင်နီယာ အငယ်တန်းအရာရှိအဖြစ်လုပ်ကိုင်ရင်း မိဘနဲ့ ညီငယ် ညီမငယ်တွေကို တာဝန်ယူ လုပ်ကျွေးနေခဲ့တဲ့ အကိုကြီးယောက်ဖြစ်ပါတယ်။ သူ့မိသားစုအကြောင်းပြောတိုင်း သူဟာ ညီအကိုမောင်နှမတွေအပေါ် ငဲ့ညာဦီးစားပေးတတ်သူ တယောက်ဖြစ်ကြောင်း ပေါ်လွင်နေခဲ့ပါတယ်။
ရှစ်လေးလုံအရေးအခင်းမှာ တောင်ငူရွှေဆံတော်သပိတ်စခန်း အမာခံခေါင်းဆောင်တဦးအနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲဆင်နွဲရန် KNU နယ်မြေ စောထစခန်းသို့ ရောက်ရှိခဲ့ပါတယ်။ ပထမအကြိမ် မကဒတ ညီလာခံမှစပြီး အရေးပေါ်ညီလာခံ၊ ဒုတိယအကြိမ် ညီလာခံ သက်တမ်းများတွင် ဗဟိုကော်မတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရဲဘော်ဆန်းလင်းဟာ ပြည်တွင်းစည်းရုံးရေး မြေအောက်လှုပ်ရှားမှုလုပ်ငန်းတွေကို ပိုအားသန် စိတ်ဝင်စားစွာ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုစပြီး အလယ်ပိုင်းဒေသ အရှေ့ခြမ်း စိုးမိုးရေး အော်ပရေးရှင်းမှာ ကျနော်က ညောင်လေးပင် ခရိုင်၊ တပ်မဟာ ၃ နယ်မြေ ကျောက်တံခါး၊ ဖြူး၊ ကျောက်ကြီးမြို့နယ်များကို တာဝန်ယူပြီး ရဲဘော်ဆန်းလင်းက တောင်ငူ ခရိုင်၊ တပ်မဟာ ၂ နယ်မြေ ထန်းတပင်၊ အုပ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

၎။ တခါတုန်းက စက်တင်ဘာ

၁၉၈၉ ခု၊ စက်တင်ဘာလ ၅ ရက်နေ့မှာ မာနယ်ပလောဌာနချုပ်ကို စစ်အုပ်စုရဲ့တိုက် လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်လာပါတယ်။ ကျနော်တို့ သူပုန်ဖြစ်ပြီးမှ ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ ကျောင်းသားထဲက ကျနော်က ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရပြီး ကျနော်တို့တပ်ရင်းက ရဲဘော်ဇော်ဝင်းအောင်က ညာဘက် ပုခုံးမှာ ဒဏ်ရာရခဲ့ပါတယ်။

ကြဲတဲ့ဗုံးက လိပ်စာနဲ့လာတာ။ ကျနော်နဲ့ ဇော်ဝင်းအောင် နေရာယူတဲ့အနားကို ဗုံးလာကျတာပါ။ NLD(LA) က ဦးအေးသန်းကတော့ ဖဒိုဘသင်အိမ်ရှေ့လှေဆိပ်နားမှာ ဒဏ်ရာရခဲ့ပါတယ်။ ဇော်ဝင်းအောင်ကိုတော့ ကိုယ်ထဲမှာ ဗုံးစ ကျန်နိုင်တယ်ထင်လို့ မဲဆောက်ဆေးရုံကိုပို့ လိုက်ပါတယ်။ ကျနော်က KNU ထူးဝါးလူဆေးရုံမှာပဲ ဆေးကုပါတယ်။ နောက်နေ့ကျတော့ ကျနော်တို့ဇာတ်လိုက်ကျော်ကြီး ဒေါက်တာမင်းသိန်း ရောက်လာပါတယ်။ လက်ထဲမှာ မုန့်ထုပ်နဲ့ ကျနော့်အတွက် ဝယ်လာတယ်ထင်တာ သူပဲ စားပစ်လိုက်ပါတယ်။ ဒီ့နောက် ကျနော့် ဒဏ်ရာကို သူ တချက် လှန်ကြည့်လိုက်ပြီး ကျနော့်ကို မျက်စိတဖက် မှိတ်ပြပါတယ်။ ပြီးတော့ …

“ကဲ ကျောင်းဆရာ တပ်ရင်းကိုပြန်လိုက်ခဲ့ တပ်ရင်းမှာပဲ ကျုပ် ကုပေးမယ်”
(တပ်ရင်းက ရဲဘော်တချို့နဲ့ ဒေါက်တာမင်းသိန်းက ကျနော်ကို ကျောင်းဆရာ ဟု ခေါ်ပါတယ်)

“ဘာဖြစ်လို့ဆရာရဲ့” ကျနော်က နားမလည်စွာ ပြန်မေးတော့၊ သူက တိုက်ရိုက်ပြန်မဖြေဘဲ …

“ရဲဘော်ဆန်လင်းလည်း မာနယ်ပလောမှာ အဖျားတက်နေတယ်၊ အဲဒါ သူလည်း တပ်ရင်းပြန်လိုက်မလို့တဲ့”

ကျနော်က အင်း သူငါ့ကို မျက်စိမှိတ်ပြတဲ့ဟာ အကြောင်းတခုခုတော့ရှိရမယ်ဟု တွက်ဆကာ …

“ကဲ ဒါဆို ကျနော် ဆေးရုံဆင်းဖို့ အကြောင်းကြား လက်မှတ်ထိုးပြီး ရင်လစ်ကြတာပေါ့”

မာနယ်ပလောတွင် ဆန်းလင်းကို ဝင်ခေါ်ကာ ကျနော်တို့ တပ်ရင်းရှိရာ သံလွင်မြစ်ကမ်းဘေးက မယ်ပေါ်မူထသို့ ပြန်လာခဲ့လေသည်။ လှေပေါ်တွင် ကျနော်ကို တပ်ရင်းပြန်ခေါ်လာရခြင်း အကြောင်းကို ကျနော် အတင်းမေးတာ သူမဖြေပါ။ တပ်ရင်းရောက်တော့ ကျနော်တို့ ဆေးရုံဘားကို တန်းသွားကြသည်။ ဆန်းလင်းကတော့ တလမ်းလုံး အဖျားတက်ကာ တဟင်းဟင်း ညည်းလာပါတယ်။

ဆေးရုံဘားပေါ် ရောက်ရောက်ခြင်း ဒေါက်တာမင်းသိန်းက သူကိုယ်တိုင် ကျနော့်ဒဏ်ရာကို ဆေးကျောပြီး ထူးဝါးလူဆေးရုံက နာ့စ်မလေးချုပ်ပေးလိုက်တဲ့ ချုပ်ရိုးတွေကို တချောင်းစီ ပြန်ဆွဲထုတ်ပြီး ဒဏ်ရာကို ပလာစတာနဲ့ ဆွဲကပ် လိုက်ပါတယ်။ ပြီးမှ သူက ကျနော်ကို …

“ခင်ဗျား ဒဏ်ရာကို သူတို့ချုပ်ထားတာ ဒရွဲ့ကြီး ကျောင်းဆရာရဲ့” ဟုပြောကာ ဒဏ်ရာအကွဲကြောင်းတဝိုက်ကို လက်ဖြင့် ဖိကာ အတော်ကြာစမ်းသပ်ပြီးမှ …

“အထဲမှာ အစ မကျန်ပါဘူး”

“ဒီအနာကျက်ရင် ကောင်းသွားမှာပါ” ဟု ဆိုလေသည်။

ဒီတော့မှ ထူးဝါးလူမှာ ကျနော့်ကို မျက်စိမှိတ်ပြပြီး တပ်ရင်းကို ပြန်ခေါ်လာရခြင်းအကြောင်းကို နားလည်ရပါတော့တယ်။ ကျနော် ဒဏ်ရာက စိုးရိမ်စရာမလိုကြောင်း ဒေါက်တာ မင်းသိန်းရဲ့ဆုံးဖြတ်ချက်ကို ကြားရပြီးနောက် ကျနော့်ဘေးမှာ တချိန်လုံး တဟင်းဟင်း ညည်းနေတဲ့ မောင်ဆန်းလင်းက …

“ဆရာ ကျနော့်ကိုလည်း လုပ်ပါအုံး၊ ကျနော် အခြေအနေ တော်တော်ဆိုးနေပြီ”

ဟု ဆိုလေသည်။ ဒီတော့မှ ဒေါက်တာ မင်းသိန်းက သူ့ကို သေချာစမ်းသပ်ပြီး ဆေးမှူး ကိုသက်ကို ကွီနင်းနဲ့ ဒရစ်အွန်ပေးရန် ပြောလိုက်လေသည်။ နောက်နှစ်ရက်လောက်မှာ ကျနော့်ဒဏ်ရာလည်း သက်သာလာသလို ဆန်းလင်းလည်း အဖျား မတက်သလောက် ဖြစ်လာပါတယ်။

၅။ စက်တင်ဘာ … မိုးရေ

ဇာတ်လမ်းက အခုမှ စမှာပါ …။

မောင်ဆန်းလင်းတယောက် ထူထူထောင်ထောင်ဖြစ်လာပြီး နောက် သုံးရက်လောက်အကြာ တညနေခင်းမှာ သံလွင်မြစ်ရေ စိမ်ပြေနပြေချိုးပြီး ညဘက်မှာ အဖျားပြန်တက်ပါတော့တယ်။ ထုံးစံအတိုင်း တညလုံး အဖျားတက်၊ လင်းအားကြီးလောက် အိပ်ပျော်သွားပြီး ၁၁ နာရီလောက်မှာ မနက်စာ စားပြီးတာနဲ့ နေ့ခင်းဘက်မှာ အဖျားတခေါက် ပြန် တက်လာပါတယ်။ ဒီတခါ ကျနော်နဲ့ ဒေါက်တာမင်းသိန်းကို သူ့အနားနေစေဖို့ သူက တောင်းဆိုပါတယ်။ အပူ အနည်းငယ် တက်နေတာမို့ ကျနော်တို့ သူအနားမှာပဲ နေကြပါတယ်။ ဒီတခါတော့ မောင်ဆန်းလင်းတယောက် တဟီးဟီး ညီးရင်းက ကျနော့်ကို မှာတမ်းတွေ စချွေပါတော့တယ်။

“ငါတော့ ဒီတခါ သွားပြီထင်တယ် သူငယ်ချင်း” ဟုဆိုကာ ကျနော့်ကို …

“မင်းတို့ ဒီတော်လှန်ရေးကြီးကို အပြီးသတ် ဆုံးခန်းတိုင်တဲ့အထိ ဆက်လုပ်သွားဖို့ ငါ့ကို ကတိပေးကြပါကွာ”

ဟု တုန်တုန်ရင်ရင် ပြောလေသည်။ ဒါက သူအဖျားတက်ရင် တောင်းနေကျ ကတိ၊ ချွေနေကျ မှာတမ်း …။

ဒါကြောင့် ဒေါက်တာ မင်းသိန်းတယောက် လစ်ပြေးဖို့ ဘားတိုက်ပေါ်က ဖင်တလျှော ဆင်းလေသော် မောင်ဆန်းလင်း က ကျနော်ဘက် လှည့်ကာ …

“သယ်ဂျင်းရေ ဆရာတော့ ငါ့ကို လက်လျော့လိုက်ပြီ ထင်တယ်” ဆိုတော့မှ ဒေါက်တာ မင်းသိန်းတယောက် ထိုင်ရမလို ထရမလို ဖြစ်နေရာက …

“ကိုယ် ဘယ်မှမသွားပါဘူး ကဲ ဘာလိုလဲပြော” ဟု ဆိုလေရာ မောင်ဆန်းလင်းက ကျနော်ကို လက်ညှိုးထိုးကာ …

“ကျနော် ဒီကောင့်ကို မှာစရာတွေ ကျန်သေးတယ် ဆရာ၊ ဒါကြောင့် ကျနော့်ကို ဆော်လူကောတက် (အသက်ကယ်ဆေး) ထိုးပေးပါ”

“အာ … ဆော်လူကော့တက် ထိုးရလောက်အောင် ခင်ဗျားဘာမှ မဖြစ်ဘဲ”

ဟု ဒေါက်တာမင်းသိန်းက ခမ်အေးအေးပြန်ပြောကာ သူဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေ၏။ (ဒေါက်တာ မင်းသိန်း သည် သူ့လက်ထဲတွင် ဖတ်စရာ စာအုပ်တအုပ်နှင့် စားစရာ သရေစာမုန့်တခုခုတော့ အမြဲရှိနေပါတယ်။ ရဲဘော်တွေက သူ့အတွက် ဟင်းကောင်းကလေးများ တကူးတက ချန်ထားလျှင် သူမကြိုက်။ သူက အခွင့်ထူးခံမဟုတ် ရဲဘော်များနဲ့ တသားတည်း တော်လှန်ရေးသမားအစစ် ဟု သူ ဆိုလေ့ရှိပါတယ်။ ဟင်းကောင်း ထမင်းကောင်းကိုလည်း သူ မခုံမင်ပါ။ သူ ဝါသနာအပါဆုံး အလုပ်မှာ စာအုပ်ဖတ်ခြင်းနှင့် သရေစာမုန့်စားခြင်းပင် ဖြစ်လိမ့်မည်။)

“မဟုတ်ဘူးဆရာ ကျနော့်ကိုယ် ကျနော်သိတယ်၊ ဒီတခါ ကျနော် မရတော့ဘူး”

“အာ ကဲ ကဲ … ဒါဆိုလည်း ခဏတော့စောင့်၊ တော်နေကြာ ကျုပ်ကိုယ်တိုင် ထိုးပေးမယ်” ဟု နှစ်သိမ့်၏။ အကြောင်းသိမို့ စိတ်ပြောင်းသွားစေရန် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း နားလည်မိ၏။ သို့သော် ရဲဘော်ဆန်းလင်းကား ဇွတ်သမားပေကိုး။

“ဆရာရယ် ထိုးမှာသာမြန်မြန် ထိုးပေးပါ၊ ကျနော်ကိုယ် ကျနော်သိပါတယ်”

“ကဲ ကဲ … ပြောမရရင်လဲ ထိုးပေးရတာပေါ့”

“ကိုဇော်ရေ ဆော်လူကော့တက် ယူပေးပါ” ဟု သူ့ဆေးမှူး ရီဇော်အား လှမ်းပြောလိုက်ရာ …

“ကျနော် ထိုးပေးလိုက်ရမလား ဆရာ”

“နေ နေ၊ ဒီမောင့်ကို ကိုယ် ကိုယ်တိုင်ပဲ ထိုးပေးပါ့မယ်”

ဆိုကာ ကျနော့်ကို မျက်စိမှိတ်ပြ၏။ ကျနော်စိတ်က အင်း ဒေါက်တာမင်းသိန်းတယောက် ဘာများလုပ်မလို့ပါလိမ့်။ ထို့နောက် မောင်ဆန်းလင်း၏ မျက်စိရှေ့ မြင်မြင်ထင်ထင်မှာ မိုးရေပုလင်းကို ခေါင်းဖြတ်လိုက်ပြီး တခါသုံးအပ်ဖြင့် စုတ်ယူလိုက်ကာ ဆော်လူကော့တက်အမှုန့် ပုလင်းထဲသို့ ထိုးဟန်ပြုလိုက်ပြီး ထို ဆော်လူကော့တက်ပုလင်းအား ကျနော့်လက်ထဲ အသာထည့်ပေးလိုက်ပါတယ်။ ပြီးတော့ …

“ကဲ ကိုယ့်ဆရာ၊ ဟိုဘက်ကို မှောက်လိုက် ဆေးထိုးပေးမယ်”

ကျနော့်လက်ထဲက ဆေးပုလင်းလေးကို အသာထောင်ကြည့်လိုက်တော့မှ … အော် တကယ်တော့ စက်တင်ဘာ မိုးစက်တွေကြားမှာ မောင်ဆန်းလင်း(မဆလ) ကို မိုးရေထိုးပေးလိုက်တာပါကလား။ လူတို့၏ စိတ်အယူသီးမှုသည်ကား အလွန်တရာမှ ဆန်းကျယ်လေ၏။ မိနစ် ၂၀ လောက်သာ ကြာမယ်ထင်ပါတယ်။

“ဆရာက ကျနော့်ကို သက်သက်ဒုက္ဒပေးထားတာ၊ စောစောကတည်း ထိုးပေးလိုက်ရင် ရသားနဲ့” ဟုဆိုကာ ငုတ်တုတ် ထထိုင်လေသည်။ ချိတ်ထားတဲ့ ဒရစ်အကုန် နောက် နာရီဝက်လောက် အကြာမှာ စာဖိုမှာ စားစရာ သွားရှာပါလေတော့သည်။

အော် မိုးရေထိုးပေးလိုက်တာနဲ့ ယူပစ်သလို အဖျားပျောက်သွားသည့် လူနာပါကလား။

၇။ ကျဆုံးသူ … သူရဲကောင်းများကို အလေးပြုပါ၏

ပြည်တွင်း မြေအောက်အလုပ်အဖွဲများ ဖွဲ့စည်းမှုပိုမိုကျစ်လစ်ခိုင်မာရေးနှင့် ပြည်တွင်း မြေအောက်လှုပ်ရှားမှုများ ပိုမို အချိတ်အဆက်မိလာစေဖို့ သူကိုယ်တိုင် မြို့နှင့် အနီးကပ်ဆုံးနေရာများတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဆောင်ရွက်မှုများကို စွန့်စွန့်စားစား အနစ်နာခံဆောင်ရွက်နေစဉ် ၁၉၉၃ ဒီဇင်ဘာလထဲမှာ ရေနီအရှေ့ဘက် ဆိတ်ဖူးကုန်း ရွာမှာ ရန်သူတပ်မှ ရဲဘော်ဆန်းလင်းကို ဖမ်းမိသွားခဲ့ပါတယ်။

ရေနီ လေ့ကျင့်ရေး ၅ မှာ ခဏချုပ်ထားပြီး တောင်ငူ ထောက်လှမ်းရေး ၃ ကို လွှဲပေးလိုက်ပါတယ်။ ရဲဘော်ဆန်းလင်းဟာ အင်မတန်မှ ခံယူချက်ပြင်းထန်တဲ့ တော်လှန်းရေး သူရဲကောင်းတယောက်ပါ။ ဒါကြောင့် စစ်ကြောရေးက ဘာတွေမေးမေး ဘယ်လိုနှိပ်စက်ပါစေ၊ အသက် အသေခံပြီး အားလုံးအပေါ် သစ္စာရှိရှိ ရပ်တည်သွားခဲ့ပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစု လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ပြည်တွင်းယူဂျီ ရဲဘော်များ၏ လုံခြုံရေးနဲ့ ပြည်တွင်း အလုပ်အဖွဲ့များ ဆက်လက်ရှင်သန်ရေးကို သူ့အသက်နဲ့လဲကာ ပေးဆပ်ကာကွယ်သွားခဲ့ပါတယ်။ ရဲဘော်ဆန်းလင်းကို ဘာမေးမေး မဖြေတဲ့အဆုံး စစ်ခွေးတွေက ဥပဒေမဲ့ အပြီးစီရင်လိုက်ခြင်း ဖြစ်ပါတယ်။

ဒေါက်တာမင်းသိန်းဟာ ဆရာဝန်တယောက်ဖြစ်သော်လည်းပဲ နောက်တန်းမှာ ဆေးထိုင်ကုနေတာရတာ ထက်စာရင် ရဲဘော်တွေနဲ့ တသားတည်း ရှေ့တန်းထွက်ကာ တိုက်ပွဲတွေကြားမှာ လူထုကြားမှာ ဆေးကုပေးရင်း တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေတတ်သူပါ။ ၁၉၉၁ ခုနှစ်မှာ ဒီအေဘီ စစ်ကြောင်း ၁၂ နဲ့အတူ မုပ္ပလင် တိုက်ပွဲမှာ သူရဲ့ မျက်မှန်ကျပျောက်ကာ ရန်သူ အဖမ်းခံလိုက်ရပြီး ရန်ကုန်သို့ ခေါ်ဆောင်သွားကာ သူ့ကို ဆေးထိုးပြီး သတ်ပစ်လိုက်ကြောင်း သိရှိရပါတယ်။

အော် အမှတ်တရတွေ ရင်မှာအပြည့်နဲ့ စက်တင်ဘာ မျက်ရည်တွေကြားမှာ … စက်တင်ဘာ မိုးရေစက်တွေကို တိုင်တည်လျှက် … ညာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ …။

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၁၀။

(ကျဆုံးသွားကြကုန်သော အာဇာနည်သူရဲကောင်းအပေါင်း၏ သွေးသစ္စာကို စောင့်သိကြပါစေ)

Maung Maung Soe article for Ko San Lin Moe Ma Kha    

No comments:

Copyright © 2009 A Naing All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.